Friday, February 3, 2017

$ သိကြားမင်းကအမေးသမား'ဘုရားက ဖြေရှင်းပေးရ
……………………………………………
သိကြားမင်းက ဘုရားမပွင့်ခင်က သိကြားမင်းဖြစ်နေတာ ဘုရားသာသနာ မပွင့်ခင်တုန်းက ဈာန်ပျံ အဘိညာဉ်ရတဲ့ ရသေ့တွေ မေးကြည့်တယ်'မဖြေနိုင်ကြဘူး…(မှန်ပါဘုရား) ဒါနဲ့ သာသနာကြုံလာတော့ ဒီအဖြေမှန်ကို သိကြားရသွားတယ် (မှန်ပါ့)
ဘုရားပွင့်လာတော့ သိကြားမင်းက သူ့သံသယကလေး လျှောက်ချင်လို့ လာတာပေါ့ဗျာ…(မှန်ပါ့) လာပြီးတော့ လူတွေဟာ ကိုယ့်ကိုယ်လည်း မေတ္တာပို့ပါတယ်'ချမ်းသာရေးတွေလိုက်စားကြပါလျှက်သားနဲ့ အန္တရယ်မရှင်း ဘေးမကင်းဖြစ်နေတာ ဘာကြောင့်တုံးတဲ့ မမေးဘူးလား?…(မေးပါတယ်ဘုရား) ကဲ ဒကာ  ဒကာမတွေ ဖြေကြစမ်းပါ ဘာကြောင့်တုံး?…(ဣဿာမစ္ဆရိယကြောင့်ပါဘုရား) မေတ္တာမပို့ကြဘူးလား?…(ပို့ပါတယ်ဘုရား)ကျမ္မာရေးမလိုက်စားကြလို့လား?…(လိုက်စားကြပါတယ်ဘုရား) ဆေးတွေ ဝါးတွေမသောက်ကြလို့လား?…(သောက်ကြပါတယ်ဘုရား) ဘယ့်အတွက်ကြောင့် အန္တရယ်မကင်းဘေးမရှင်း ဖြစ်ရသတုံး?…(ဣဿာမစ္ဆရိယကြောင့်ပါဘုရား) ဣဿာမစ္ဆရိယ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မချမ်းသာဘူး'ဘယ်တော့မှ မကျမ္မာဘူး (မှန်ပါ့ဘုရား)ဒါတွေကို အကျယ်တော့ဟောခဲ့ပြီးပြီနော်…(မှန်ပါ့) " ကိုင်း ဒါဖြင့် ရှေ့ဆက်ပြီးမေးပြန်တယ်' အရှင်ဘုရားတဲ့ ဣဿာမစ္ဆရိယ ရှိလို့ အန္တရယ်မရှင်း ဘေးမကင်းကြဘူးဆိုတာ တပည့်တော်သိရပါပြီ'ဣဿာမစ္ဆရိယဟာ ဘယ်သူ့ကြောင့်လာပါလိမ့်မလဲဘုရားလို့ မေးပြန်တယ်…(မှန်ပါ့)မေးတော့ ဘုရားက ဘယ့်နှယ်ဖြေပါလိမ့်?…(ချစ်ခြင်း'မုန်းခြင်းကြောင့်ပါဘုရား) ဟော တရားနာသားရလာတော့ ဒကာကြွယ်ဖြေတတ်ပြီ (မှန်ပါ့) ချစ်ခြင်း မုန်းခြင်းကြောင့် ဘာလာသတုံး?…(ဣဿာမစ္ဆရိယလာပါတယ်) အဲ ခင်ဗျားတို့သန္တာန်မှာ ချစ်ခြင်း မုန်းခြင်းသာ ရှိနေမယ်ဆိုရင်ဖြင့် ဣဿာမစ္ဆရိယ လာလိမ့်မယ် (မှန်ပါ့) သဘောကျပလား? (ကျပါပြီဘုရား) ဒကာကြွယ်တို့ ဒကာသစ်တို့ မျက်မြင်တာ မြဲမြဲမှတ်ထားနော်'ကျုပ်က မျက်လုံးမွဲပေမဲ့ လူမြင်ရင် ချစ်ချင်တတ်တယ်စသည်နဲ့ အံမာလေး လောကွတ်မလုပ်ရမှာများ လောကွတ်လုပ်နေကြတယ် (မှန်ပါ့) ချစ်ခြင်း မုန်းခြင်းသည်' ဣဿာမစ္ဆရိယဖြစ်ကြောင်း…(မှန်ပါ့)သဘောကျပလား?…(ကျပါပြီဘုရား) ဒါဖြင့် ဣဿာမစ္ဆရိယ ဘယ်ကလာသတုံး?…(ချစ်ခြင်း မုန်းခြင်းကလာပါတယ်ဘုရား)" ချစ်ခြင်းသည်လောဘ'မုန်းခြင်းသည်ဒေါသ…(မှန်ပါ့)ဒါဖြင့်လောဘလာလဲ ဘာလုပ်ကြရမယ်?…( ဖြစ်ပျက်ရှုရပါမယ်)ဒေါသလာလည်း?…(ဖြစ်ပျက်ရှုရပါမယ်) အဲ ချစ်ခြင်းမုန်းခြင်းစွန့်လိုက်တော့ ဣဿာမစ္ဆရိယမလွတ်ဘူးလား?…(လွတ်ပါတယ်ဘုရား) ဣဿာမစ္ဆရိယလွတ်သွားတော့ ခုနင်က အန္တရယ်တွေကင်းလို့လို့ ဘေးရှင်းတွေကောမလာသေးဘူးလား?…(လာပါတယ်ဘုရား) ဒါဖြင့် လောဘ ဒေါသ ရေသောက်မြစ်ပဲ(မှန်ပါ့)ပေါ်လာကြပလား?…(ပေါ်လာပါပြီဘုရား) ကိုင်း ဒါကဖြင့် နှစ်ရက်တိုင်တိုင်ဟောပြီးလို့ ခပ်ကျဉ်းကျဉ်း ဝိပဿနာရှုပုံကို ပြောလိုက်ပါတယ် သဘောကျပလား?…(ကျပါပြီဘုရား) ဒါဟာ  ဘုရားမပွင့်ခင်တုံးက ကောင်းကင်ပျံ မြေလျှိုးနေတဲ့ ဈာန်အဘိညာဉ်ရတဲ့ ဆရာကြီးတွေကို မေးကြည့်တယ် တစ်လုံးမှ မဖြေနိုင်ဘူး' သာသနာတွင်း ဘုရားပွင့်လာလို့ ဖြေနိုင်တာ…(မှန်ပါ့) သာသနာတွင်းမို့ ဝိပဿနာဉာဏ်တွေထွက်လာတာ (မှန်ပါ့) ရိပ်မိကြပလား?…(ရိပ်မိပါပြီဘုရား) ခင်ဗျားတို့ နေကြီးထွက်နေပေမဲ့ ကိုယ်က နေ အရသာကို ခံစားရတဲ့ပုဂ္ဂိုလ်က ရှားတယ်နော် (မှန်ပါ့) လ.ကြီးထွက်နေပေမဲ့ လ အရသာကို ခံစားရတဲ့ ပုဂ္ဂိုလ်က ရှားတယ် (မှန်ပါ့) သာသနာနဲ့ကြုံပေမဲ့ ကိုယ့်ဝမ်းထဲမှာ သာသနာတော်ရဲ့ အဆုံးအမညွှန်ကြားချက်ကို ခံယူမှသာ သာသနာတွင်းသား…(မှန်ပါ့) အဆုံးအမ မခံယူလို့ရှိရင်?…(သာသနာပသားဖြစ်နေပါတယ်ဘုရား) သာသနာပသားဖြစ်နေရင် မနာဘူးလားဗျ?…(နာပါတယ်ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်' သာသနာတွင်းသားလား?သာသနာပသားလား?ဆိုတာ ကိုယ်တိုင်စစ်ဆေးပြီးတော့ အလုပ်လုပ်နေရင် သာသနာတွင်းသား'(မှန်ပါ့)လောကီ အလုပ်တွေကျက်စားနေရင်?…(သာသနာပသားပါဘုရား)ဒီ့ပြင်ဟာတွေနဲ့သာ အချိန်ကုန်နေရင်တော့ သြော်…ငါသည် သာသနာတွင်းလူဖြစ်ငြားသော်လည်း သာသနာပသားဖြစ်နေပါပေါ့လားလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဒါက မသေခင် သာသနာတွင်းသားဖြစ်နေပုံ…(မှန်ပါ့) တချို့ကြတော့ အသေစောသွားတာနဲ့ သာသနာ၏ အနှစ်အရသာဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရား သစ္စာတရား သတိပဋ္ဌါန်တရားစတဲ့ ဝိပဿနာတရားတွေကို နာကြားကြသေးရဲ့လား?…(မနာကြားရပါဘုရား) သာသနာတွင်းမှာတော့လူဖြစ်ပါရဲ့'သူ့ကိုယ်တွင်း သာသနာရောက်ကဲ့လား?…(မရောက်ပါဘုရား) အဲ သေလို့ရှိရင် သာသနာကွယ်တာပဲ (မှန်ပါ့) မလုပ်လို့ရှိရင်?…(သာသနာကွယ်ပါတယ်ဘုရား) ဒါဖြင့်သာသနာကွယ်တယ်ဆိုတာ ဘယ်နှမျိုးခွဲရမှာပါလိမ့်?…(နှစ်မျိုးခွဲရမှာပါဘုရား) မိမိအသေစောသွားလို့ကော?…(သာသနာကွယ်ပါတယ်ဘုရား) မိမိက မလုပ်မိလို့ရှိရင်လည်း?…(သာသနာကွယ်ပါတယ်ဘုရား) သြော် ခင်ဗျားတို့ သာသနာကွယ် မကွယ်ဆိုတာ ယနေ့ ကောင်းကောင်းသိရတဲ့အတွက် ဘုန်းကြီးက သိပ်ဝမ်းသာပါတယ် (မှန်ပါ့) နို့ မဟုတ်လို့ရှိရင် ဒို့မညံ့ဘူးကွ'ဘုရားသာသနာ ငါးထောင်အတွင်း လူဖြစ်လာတာဆိုပြီး ပါးစပ်က ကျေနပ်ရုံကျေနပ်နေပြီး လုပ်နေတာတော့ သာသနာနဲ့စပ်တာ မပါဘူးဆိုရင် ဒါဘယ့်နှယ်ဆိုမတုံး သာသနာတွင်းဖြစ်ပါဦးမလား?…(မဖြစ်နိုင်ပါဘုရား) အင်မတန်နစ်နာမှာစိုးလို့ ဆရာရင်းတွေမိုလို့ မူတည်ပြောတာလို့ ဘေးက နားထောင်တဲ့ပုဂ္ဂိုလ်တွေကလည်း ဒို့လဲအတူတူပြောနေတာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)ရှင်းပလား?…(ရှင်းပါပြီဘုရား)" ကိုင်း ဒါနဲ့ ရှေ့ကိုဆက်မေးတယ်'သိကြားမင်းက အရှင်ဘုရား ချစ်ခြင်း မုန်းခြင်းကတော့ ဘယ်ကလာသလဲဘုရား ဒါလေး ရှင်းပေးပါဦး (မှန်ပါ့) ဘုရားက ချစ်ခြင်း မုန်းခြင်းဆိုတာ ဆန္ဒကလာတာတဲ့…(မှန်ပါ့) ချစ်ခြင်း မုန်းခြင်းဘယ်ကလာသတုံး?…(ဆန္ဒကလာပါတယ်ဘုရား) ဒါဖြင့် ဆန္ဒနဲ့ လောဘဟာ ဘယ်သူကရှေ့ ဘယ်သူကနောက်လိုက်ပါလိမ့်?…(ဆန္ဒကရှေ့သွား လောဘကနောက်လိုက်ပါဘုရား) ချစ်ခြင်း မုန်းခြင်းဘယ်ကလာသတုံး?…(ဆန္ဒကလာပါတယ်) ဒီ ဆန္ဒသည် မုန်းလိုတဲ့ ဆန္ဒလည်းရှိတယ်'ခင်လိုတဲ့ဆန္ဒကော?…(ရှိပါတယ်ဘုရား)  အဲ ဒီ ဆန္ဒ လာတိုင်းလာတိုင်း ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ဒီဆန္ဒ တစ်လုံး ရှုလိုက်တာနဲ့ ဒကာသစ်တို့ ဦးလှဘူးတို့ လောဘ ဒေါသ သေတယ် (မှန်ပါ့) ဒါတွေ အကုသိုလ် မူလရေသောက်မြစ်တွေ မသေဘူးလား?…(သေပါတယ်ဘုရား) လောဘ ဒေါသ ဘယ်ကလာသတုံးမေးတော့ သိသေးရဲ့လား? (မသိပါဘုရား) အခုယနေ့သိပြီ (မှန်ပါ့) ဘယ်ကလာပါလိမ့်?…(ဆန္ဒကလာပါတယ်ဘုရား) ဆန္ဒကလာတယ် ဆိုတာသိတော့ ဆန္ဒကိုလည်း ဘာလုပ်ရမလည်း?…(ဖြစ်ပျက်ရှုရပါမယ်ဘုရား) ဆန္ဒကိုဖြစ်ပျက်ရှုလိုက်သဖြင့် လောဘ ဒေါသ ဘယ့်နှယ်နေသတုံး?…(သေပါတယ်ဘုရား) လောဘ ဒေါသ သေရင်'လောဘ ဒေါသ သဟဇာတဖြစ်နေတဲ့ မောဟကော?…(သေပါတယ်ဘုရား) ဒါဖြင့် အစကလဲချုပ်'အလယ်ကကော?…(ချုပ်ပါတယ်ဘုရား) အဆုံးကကော?…(ချုပ်ပါတယ်ဘုရား) ပဋိစ္စသမုပ္ပါဒ် အစ အလယ် အဆုံး သုံးခုချုပ်တာ ဘာခေါ်ကြမယ်?…(နိဗ္ဗာန်ပါဘုရား) သြော်…နိဗ္ဗာန်လိုချင်ရင် ဆန္ဒကိုဝိပဿနာရှုပါ (မှန်ပါ့) သဘောကျပလား?…(ကျပါပြီဘုရား) ကိုင်း ဒါဖြင့် ရှေ့ဆက်မေးပြန်တယ်'သိကြားက အရှင်ဘုရား ဒီဆန္ဒက ဘယ်ကလာပါလိမ့်မတုံး မေးတော့ ဝိတက်ကလာတာပဲတဲ့' (မှန်ပါ့) ကြံလုံးစည်လုံးကလာတယ် (မှန်ပါဘုရား) ဒကာ ဒကာမတွေ ဘယ်ကလာပါလိမ့်မတုံး?…(ကြံလုံးစည်လုံးကလာပါတယ်ဘုရား) ဒကာ ဒကာမတွေ ဒါကြောင့် ညအိပ်မပျော်တာ (မှန်ပါ့) သဘောကျပလား?…(ကျပါပြီဘုရား) ဒကာ ဒကာမတွေ ညအိပ်မပျော်တာ ဘာကြောင့်တုံး?…(ကြံလုံးစည်လုံးနေလို့ပါဘုရား) ကြံလုံး စည်လုံးဆိုတာ စာလိုသုံးတော့ ဝိတက်ဗျ (မှန်ပါ့)ကလေးတွေကတော့အိပ်ကြပြီ'လူကြီးတွေကတော့ ဝိတက်ဖြစ်နေလို့ အိပ်မရဘူး (မှန်ပါ့) သူများအသံကြားလေလေ ကိုယ်ကအိပ်မပျော်လေလေ(မှန်ပါ့ဘုရား) အိပ်မပျော်တာ စားသောက်မကောင်းလို့လား?ကြံလုံးစည်လုံးရှုပ်နေလို့လား?…(ကြံလုံးစည်လုံးရှုပ်နေလို့ပါဘုရား) သြော် ဒါဖြင့် ဒကာ ဒကာမတို့ ကြံလုံးစည်လုံးကို စာလိုသုံးတော့ ဘာတဲ့?…(ဝိတက်ပါဘုရား) အဲ ဝိတက်ကြောင့် ဆန္ဒလာတာ (မှန်ပါ့) သဘောကျပလား?…(ကျပါပြီဘုရား) ဒါဖြင့် ဝိတက်က ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသဝိတက်လို့ ဘယ်နှစ်မျိုးရှိပါလိမ့်?…(သုံးမျိုးပါဘုရား) ဝိတက်သုံးမျိုးကြောင့် ဆန္ဒသုံးမျိုးလာသည်'(မှန်ပါ့) ဆန္ဒသုံးမျိုးကြောင့် ချစ်ခြင်း မုန်းခြင်းနှစ်မျိုးလာသည်'(မှန်ပါ့) ရှင်းပလား?…(ရှင်းပါပြီဘုရား) ////၁၄.၁၁.၆၀"ဟောသောအဖေခေါ်တိုင်း ပြုံးမနေပါနဲ့ ကိုယ့်အရေးကစိတ်ချရပြီလား တရားတော်မှ ကောက်နှုတ်၍ ဓမ္မဒါန ဖြန့်ဝေလိုက်ပါသည်" ======Hla Maw.ggw

No comments:

Post a Comment