Friday, January 13, 2017

★  " ကရုဏာမှသည် မြင့်မြတ်ခြင်းသို့ " ★

လူတစ်ယောက်ဟာ အခြေအနေတစ်ခု ကျန်းမာရေးချို့ယွင်းနေတယ်
စီးပွားဥစ္စာချို့ယွင်းနေတယ် ဒုက္ခရောက်နေတယ်
ဘဝမှာအဆင်မပြေဘူးဆိုလို့ရှိရင်
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေဘက်ကကြည့်ရင် အော်
သူ့ဒီအခက်အခဲတွေက မြန်မြန်လွတ်ပါစေ အဆင်ပြေပါစေ
သူ့အတွက်အရာရာဟာအကောင်းတွေသာဖြစ်လာပါစေလို့
ဒီလို နှလုံးထားနိုင်တာကို ဒါကို ကရုဏာ-လို့ခေါ်တယ်။
အဆင်မပြေဖြစ်နေတဲ့အပေါ်မှာ ကြင်နာမှုတွေနဲ့ ဖေးကူးပေးတာဟာ ကရုဏာ။

အဲ့ဒီတော့ ကရုဏာတရားဆိုတာ မေတ္တာနဲ့မတူတဲ့သဘော
မုဒိတာနဲ့မတူတဲ့သဘော ။မေတ္တာဆိုတာတော့ အားလုံးအပေါ်မှာ
မိတ်ဆွေစိတ်ဓာတ်မွေးတာကိုမေတ္တာလို့ခေါ်တယ်။
မိတ်ဆွေလိုသဘောထားတယ်။မိတ်ဆွေရင်းစိတ်ဓာတ်ထားတယ်
အားလုံးအပေါ်မှာ ကောင်းကျိုးချမ်းသာတွေဖြစ်စေချင်တဲ့ စိတ်နှလုံးရှိတယ်။
ဒါကမေတ္တာ။

ကရုဏာ-ဆိုတာကျတော့ ကျန်းမာရေးဖြစ်စေ အရာတစ်ခုခုဖြစ်စေ
အဆင်မပြေဖြစ်လို့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို
အကူအညီပေးချင်တယ် ။
သူအပေါ်မှာ စာနာတယ်ထောက်ထားတယ်။ဒီဒုက္ခတွေက
လွတ်စေချင်တယ်ဆိုတဲ့ ဖေးမကူညီတဲ့သဘောတရားတွေ
ဒါတွေကို ကရုဏာလို့-ခေါ်တာ။
မကျန်းမမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရောက်လာလို့ ရှိရင်
 ပြုစုစောင့်ရှောက်တဲ့ဆရာဝန်တစ်ယောက်အနေနဲ့ အေး
လူနာတစ်ယောက်ရောက်လာပြီဆိုရင်
စိတ်ထဲမှာဘယ်လို နှလုံးထားရမလဲ ဒီပုဂ္ဂိုလ်ဖြစ်ပေါ်နေတဲ့
 ရောဂါဝေဒနာတွေက ပျောက်ကင်းသွားပါစေ သက်သာသွားပါစေ
ဆိုရင် ဒါကရုဏာလို့ခေါ်တယ်။  အဲ့ဒီလို စိတ်နှလုံးထားနိုင်ရမယ်။

ထားနိုင်မယ်ဆိုလို့ရှိရင် ဝဇ္ဇသိပ္ပံ မေတ္တာပုဗ္ဗင်္ဂမံ ဆိုတာလို၊
ဝဇ္ဇသိပ္ပံ ကရုဏာပုဗ္ဗင်္ဂမံ -ဆေးပညာအတတ်ဟာ
 မေတ္တာရှေ့သွားရှိတယ် မေတ္တာနဲ့လုပ်ရတယ်။
ဆေးပညာအတတ်သည် ကရုဏာရှေ့သွားရှိတယ် ဒီလိုပြောရမယ်။
ဘယ်အရာပဲဖြစ်ဖြစ် လုပ်ပြီဆိုလို့ရှိရင် ဖြူစင်တဲ့စိတ်ထားလို့ခေါ်တဲ့
 မေတ္တာနှလုံးသားနဲ့လုပ်ကိုင်မှုတွေ
မှန်သမျှသည် တစ်ဖက်သားမှာအကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ မိမိရဲ့နှလုံးသားထဲမှာတော့ စင်ကြယ်မှုအပြည့်အဝ ရှိတယ်။
မေတ္တာဆိုတဲ့သဘောတရားက မုန်းတီးခြင်းဆိုတဲ့
 ဒေါသရဲ့ဆန့်ကျင်ဘက်သဘောတရား။

 ကရုဏာဆိုတဲ့သဘောတရားကတော့ အေး
ဘယ်သူတွေဘာဖြစ်ဖြစ် ငါလွတ်ရင်ပြီးရော
ဆိုတဲ့ တစ်ဖက်သားတွေကို ဖြစ်ချင်ရာ ဖြစ်ပါစေ၊ ဘယ်သူသေသေ
ငတေမာပြီးရောဆိုတဲ့ မျိုးမရှိရင် ဒါကရုဏာ-လို့ခေါ်တယ်။
အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးအဆင်ပြေအောင်
ငါတတ်နိုင်သမျှ ဖေးမမယ် ကူညီမယ် စောင့်ရှောက်မယ်ဆိုတဲ့
စိတ်ဓာတ် ဒါ ကရုဏာ။အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ
ထားတဲ့စိတ်ထားမျိုး ။မေတ္တာဆိုတာတော့
အားလုံးအပေါ်မှာထားတဲ့ စိတ်ဓာတ်
မိတ်ဆွေတွေအပေါ်မှာထားတဲ့ စိတ်ဓာတ် မေတ္တာ။
ကရုဏာဆိုတာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ထားတဲ့စိတ်ဓာတ်
ဒါကြောင့်မို့ ကရုဏာ-ကျတော့ အကြင်နာ-လို့ဒီလိုပြောကြတယ်။
ကရုဏာရဲ့ သဘောတရားက ကြင်နာမှု သနားမှုဆိုတဲ့နေရာမှာ
တစ်ဖက်သားရဲ့ ဒုက္ခကို မနေစိမ့်ဘူး မကြည့်ရှု့စိမ့်ဘူး
တစ်ဖက်သားဒုက္ခရောက်နေတာကို
 ကြည့်မနေနိုင်တဲ့ အနေအထားတစ်ခုကို ပြောတာ။

သို့သော်သူက ဘာနဲ့သွားတူတတ်တုန်းဆိုရင်
 သောက-နဲ့သွားတူတတ်တယ်။လောကမှာ သောကရောက်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ ကရုဏာမဟုတ်ဘူး။
ဆိုပါစို့ သားကလေးတစ်ယောက် နေမကောင်းနေလို့
စိတ်ပူနေတဲ့ မိခင်ဟာ ဒါသောက-လို့ခေါ်တယ်။
အဲ့ဒီသောက-ဟာကြည့်လိုက်ရင်တော့
ကရုဏာ-ယောင်ယောင်ဖြစ်နေတယ်။တကယ်တော့ သောက-ဆိုတာ
 ဒေါမနဿ-ပဲ။ဒေါမနဿနဲ့ယှဉ်တွဲလာတဲ့ မကောင်းတဲ့ အကုသိုလ်သဘောတရားပဲ။

အဲ့ဒီတော့ ကရုဏာ-ဆိုတဲ့နေရာမှာ သောက-ကို မဖြစ်စေရဘူး။
သောက မဖြစ်ဘဲနဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပေါ်မှာ
အကြင်နာထားပြီးတော့ ထိုဆင်းရဲက ထိုပုဂ္ဂိုလ်ရဲ့
ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေက ဘယ်လိုလွတ်အောင်
 ဆောင်ရွက်ပေးရမလဲ ဘာကူညီပေးရမလဲ ကူညီနိုင်သမျှ
အကူအညီပေးတာ ဒီသဘောတရားဟာ
သောက-မပါတဲ့အကြင်နာ တရားကို ကရုဏာလို့ခေါ်တယ်။

ဒါကြောင့်မို့ ကရုဏာ-ဟာမွန်မြတ်တယ်။သို့သော်
ကရုဏာတရားနဲ့ အနီးဆုံးရောထွေးသွားနိုင်တဲ့
သဘောတရားကတော့ သောကပဲ။ဒါ့ကြောင့်မို့ သောကမဖြစ်အောင် ပွားမှ
ကရုဏာ စစ်စစ်ရတယ်။ဒီသဘော အဓိပ္ပာယ်ကို ဘုန်းကြီးတို့
ဂျာမနီ နိုင်ငံအဘိဓမ္မာသင်တန်းသွားပို့ချတုန်းက ကရုဏာရဲ့သဘောကို
ထင်ရှားအောင် ပြောရတဲ့အခါမှာ

ဆိုပါစို့လို့---

ကရုဏာနာနဲ့ သောကဟာ ဘယ်လိုကွာခြားသလဲဆိုရင်
ကိုယ့်ရဲ့စိတ်ထားကို အကဲခတ်လေ့လာခြင်းဖြင့်
အထင်အရှားသိနိုင်တယ်ပေါ့။ဥပမာမယ် Accident ဖြစ်လို့
လူနှစ်ယောက်
ဆေးရုံရောက်တယ်။တစ်ယောက်က ကိုယ့်အမျိုး
တစ်ယောက်က သူစိမ်း။ဖြစ်ကြတာချင်း အတူတူပဲ
 ဆေးရုံရောက်တယ် ကိုယ့်အမျိုးအပေါ်ကျတော့ ဘာဖြစ်လဲ
သောကဖြစ်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ စိတ်ပူတယ်လေ။
ကိုယ့်အမျိုးဆိုတော့ ဟာ တော်တော်များပြင်းထန်သွားသလား
အသက်ဘေးမှ လွတ်ပါ့မလားဆိုတဲ့ ဆိုတဲ့ သောက-တွေနဲ့သွားတာ။
ဟို ကိုယ်နဲ့မသိတဲ့ သူစိမ်းနေရာကျတော့ သောက-မပါဘူး။
 အော်ဒီလူလည်း ဒုက္ခရောက်ရှာတယ်။ဒုက္ခမှ လွတ်ပါစေ။
သူ့အပေါ်မှာတော့ သောက-မရှိဘူး။
Accident ဖြစ်လို့ ရောဂါ ရသွားလို့ ဒုက္ခရောက်သွားလို့
သနားတာပဲရှိတယ် အဲ့ဒီသဘောတရားနှစ်ခုဟာ
ကိုယ့်စိတ်ကို ဆန်းစစ်ကြည့် ဆွေမျိုးပေါ်မှာဖြစ်တဲ့ စိတ်နေစိတ်ထားနဲ့
သူစိမ်းပေါ်မှာဖြစ်တဲ့ စိတ်နေစိတ်ထား ဒီနှစ်ခု တူမတူ။

အဲ့ဒီတော့ ဆွေမျိုးအပေါ်မှာဖြစ်တာကျတော့ သောက။
သူစိမ်းတရံပေါ်မှာ ဖြစ်တာကျတော့ ဒါကရုဏာ-လို့ခေါ်တယ်။
အဲ့ဒီလို ကရုဏာဆိုတဲ့ သဘောတရားဟာ
ကြင်နာမှုသန့်သန့် ကြင်နာမှု သန့်သန့် ရှိသည့်အတွက်ကြောင့်
တစ်ဖက်သားကို ရက်စက်ခြင်း ခြောက်တွန်းခြင်းဆိုတာတွေ မဖြစ်ဘူး
ကရုဏာ က။သူရဲ့ဒုက္ခကို ဘယ်လိုကယ်တင်ရမလဲ
ဘယ်လိုအကူပေးရမလဲဆိုတဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ တတ်နိုင်သမျှ ကူညီပေးတာ။

သို့သော် ကရုဏာရဲ့ သဘောတရားကို စာပေကျမ်းဂန်များမှာ
ဖွင့်ဆိုတဲ့အခါမှာ ကရုဏာ-ဆိုတဲ့ သဘောတရား စိတ်ထဲနှလုံးထဲ
 ပေါ်လာလို့ရှိရင် အဲ့ဒီပေါ်လာတဲ့
ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းမှုတော့ ပျက်စီးသွားတယ်
 ဒီလိုပြောတာ။ငြိမ်းချမ်းမှု ပျက်စီးသွားတယ်ဆိုတာ
excitement ဖြစ်တာကိုပြေတာ။တစ်ဖက်သားပေါ်မှာ
ကြင်နာတယ်ဆိုကတည်းက သူဟာ ငြိမ်ငြိမ်နေလို့မရဘူး။
ဘယ်လို လုပ်ရပါ့မလဲ ဘယ်လိုကူညီရပါ့မလဲဆိုတာ သောကမပါတဲ့
စိတ်လှုပ်ရှားမှုလေးကို ကရုဏာ-လို့ခေါ်တယ်။

ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ

★  ကံ သုခံ ရုန္ဓတီတိကရုဏာတဲ့။  ★
စိတ်ရဲ့ချမ်းသာမှုကို တနည်းအားဖြင့် နှောက်ယှက်ပိတ်ပင်ထားတယ်။
ဒီသဘာဝ တရားဖြစ်လာလို့ရှိရင်
လူတစ်ယောက်ဟာ အေးအေးချမ်းချမ်းနေနိုင်စွမ်း မရှိဘူးပေါ့။
အဲ့ဒီသဘောတရားလေးတွေဟာ တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်
စိတ်ကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေ သန္တာန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝတရား။

မေတ္တာတို့ ကရုဏာတို့ဆိုတာဟာ ဗြဟ္မာဝိဟာရလို့ခေါ်တယ်။
ဗြဟ္မာ-ဆိုတာ မြင့်မြတ်သူတို့ရဲ့ ဝိဟာရ-နေထိုင်မှု။မြင့်မြတ်တဲ့
ပုဂ္ဂိုလ်တွေရဲ့ နေထိုင်ကြောင်း မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့
စိတ်နေသဘောထား ဒီလိုဆိုလိုတာပေါ့ အဲ့ဒါကြောင့်မို့လို့ ဒီ
ကရုဏာ-တရားကိုရှေ့ထားပြီးတော့ မကျန်းမမာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်
 မိမိတို့ကိုယ်တိုင်သူတို့ရဲ့ဆင်းရဲဒုက္ခကို ခံစားပြီးတော့
 အများရဲ့ဆင်းရဲဒုက္ခ ရောဂါဝေဒနာရနေတဲ့သူတွေရဲ့
ဆင်းရဲဒုက္ခတွေ သက်သာပါစေ ပျောက်ကင်းပါစေ လွတ်မြောက်ပါစေ
ဆိုတဲ့ စိတ်သဘောထားနဲ့လုပ်ကိုင်ဆောင်သမျှ
အလွန်မွန်မြတ်တဲ့လုပ်ငန်းတစ်ခုပါ ။တစ်ဘက်ကလည်း
အကျိုးစီးပွားကိုလိုလားလို့  မေတ္တာဖြစ်တယ်
တစ်ဘက်ကလည်း  ဒုက္ခရောက်နေတဲ့
အချိန်ပိုင်းမှာ ဒုက္ခက လွတ်ပါစေဆိုတဲ့ ဆန္ဒရှိလို့ ကရုဏာဖြစ်တယ်။
မိမိတို့ ကုသပေးလိုက်လို့ ကျန်းမာမှုရသွားတဲ့ပုဂ္ဂိုလ်
 ရွှင်ရွှင်လန်းလန်းနဲ့ မိသားစုနဲ့ အိမ်ပြန်သွားတာကိုမြင်လိုက်ရလို့ရှိရင်လည်း
မုဒိတာ-ဖြစ်တယ်ပေါ့။

နောက်ဆုံးမှာ ကုလို့မရတော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့
သဗ္ဗေသတ္တာ ကမ္မာသကာ။အဲ့ဒါကျတော့ ဥပေက္ခာလို့ ခေါ်တယ်။
အဲ့ဒီလို မွန်မြတ်တဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ
အများအပေါ်မှာ မေတ္တာထားနိုင်တယ် ကရုဏာထားနိုင်တယ်
မုဒိတာထားနိုင်တယ်။ ဥပေက္ခာထားနိုင်တယ်။

အေးဥပေက္ခာဆိုတာ လွဲမှားစွာအဓိပ္ပာယ်ဖော်တတ်ကြတယ်။
ဥပေက္ခာဆိုတာ ဂရုမစိုက်ဘူး။ဘာကြီးဖြစ်ဖြစ်
ပစ်ထားလိုက်မယ်ဆိုတာမျိုးကို ဥပေက္ခာလို့ ဗမာတွေအနေနဲ့
နားလည်နေကြတယ်။
အဲ့ဒိအဓိပ္ပာယ်ကိုပြောတာ မဟုတ်ဘူး။
မေတ္တာကိုအကျိုးစီးပွားကို လိုလားပါစေဆိုတဲ့ စိတ်လှုပ်ရှားမှု မရှိဘူး။
ကရုဏာလို ကြင်နာသနားခြင်းဆိုတဲ့ စိတ်လှုပ်ရှားမှု မရှိဘူး။မုဒိတာလို
တစ်ဖက်သား အောင်မြင်သွားလို့ ကျန်းမာသွားလို့
 ဝမ်းသားတယ်ဆိုတဲ့ စိတ်လှုပ်ရှားမှု မရှိဘူး။စိတ်ဓာတ်တည်ငြိမ်
ရင့်ကျက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားတယ်။
တည်တည်ငြိမ်ငြိမ်ထားနိုင်တယ်လို့ဆိုတာ။
အဲ့ဒီစိတ်ဓာတ်တည်ငြိမ်တယ်ဆိုတာဟာ အင်မတန်မှ
အဆင့်မြင့်တယ်ပေါ့။ဒါကြောင့်မို့လို့ ဥပေက္ခာဆိုတဲ့
 ဗြဟ္မာဝိဟာရဟာ အဆင့်အင်မတန်မှ မြင့်တယ်။

သမာဓိစွမ်းအားနဲ့မှ ဒီဥပေက္ခာဆိုတာကို ထိန်းထားနိုင်တယ်ပေါ့။
အေးလူတွေပြောတဲ့ ဥပေက္ခာ ဂရုမစိုက်ပဲ ပစ်ထားလိုက်
ဒီကောင်ပြောမကောင်းဘူး ဥပေက္ခာပြုလိုက် ဆိုတာမျိုးကျတော့
ဒီဟာက မမှန်ကန်တဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေကြတာ။
ဥပေက္ခာဆိုတာ စိတ်လှုပ်ရှားမှု ကင်းပြီးတော့ လုပ်သင့်
လုပ်ထိုက်တာကို လုပ်ပေးတာ။ဆိုပါစို့ ဥပေက္ခာရဲ့
သဘောလေးကို နားလည်အောင်
ပြောမယ်ဆိုရင် လူတစ်ယောက်က ကိုယ့်ချီးမွှမ်းလည်း
ချီးမွှမ်းသည့်အတွက်ကြောင့် သူကို Favour မပေးဘူး။
လူတစ်ယောက်က ကိုယ့်ကိုဆော်ကားတယ် ဆော်ကားလို့
ဆော်ကားသည့်အတွက်ကြောင့်
လည်း မုန်းတီးမှု မလုပ်ဘူး။ဆော်ကားတဲ့လူပဲဖြစ်ဖြစ်
ချီးမွှမ်းတဲ့လူပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ ပြုမူချက်ကို လုံးဝ
စိတ်ထဲမှာမထားပဲနဲ့ ဒီနှစ်ယောက်လုံးအပေါ်မှာ
လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးတာ
အဲ့ဒါဟာ ဥပေက္ခာပဲပေါ့။ဒါဘုရားအလောင်းတွေမှာ
ပါရမီ(၁၀)ပါးထဲမှာ ဖြည့်၇တဲ့အခါမှာ ဥပေက္ခာပါရမီဆိုတာ
 ဖြည့်ရတယ်။ဒါစိတ်ရဲ့ ရင့်ကျက်မှုကိုပြတာ။

အဲ့ဒီလို စိတ်ဓာတ်ရဲ့ရင့်ကျင့်မှုမှ မရှိဘူးဆိုရင် ဘုရားဆိုတဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ဘူး။
ဥပေက္ခာပါရမီဆိုတာ သတ္တဝါတွေကို ဥပေက္ခာပြုတာ မဟုတ်ဘူး။
ပတ်ဝန်းကျင် သတ္တဝါတွေရဲ့ ကိုယ့်အပေါ်မှာ
လုပ်ရပ်ကို ဥပေက္ခာပြုတာ။လူကို ဥပေက္ခာမပြုဘူး။လူရဲ့
လုပ်ရပ်ကို ဥပေက္ခာပြုတာ။လူရဲ့လုပ်ရပ်ဆိုတာ ကိုယ့်ကိုဆော်ကားတာလား
 ကိုယ့်ကိုချီးမွှမ်းတာလား ဆော်ကားတာပဲဖြစ်ဖြစ် ချီးမွှမ်းတာပဲဖြစ်ဖြစ်
အဲ့ဒါတွေကို လျစ်လျူရှု့နိုင်တယ် ပုဂ္ဂိုလ်ကို လျစ်လျူရှု့တာ
မဟုတ်ဘူးလို့ မွန်မြတ်တဲ့ အဓိပ္ပာယ်ကို ဒီလိုမှတ်သားကြရမှာဖြစ်တယ်။
ဒါမှ ဥပေက္ခာစစ်စစ်လို့ခေါ်တယ်။

အေးမေတ္တာကြတော့ အားလုံးသိကြတဲ့အတိုင်း

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု-ရန်ကင်းကြပါစေ ကျန်းမာကြပါစေ
 ဆိုတဲ့စိတ်နဲ့  မေတ္တာဆိုတာ မိတ်ဆွေရဲ့စိတ်ဓာတ်နဲ့ထားတာ။

ကရုဏာဆိုတာကြတော့ ဒုက္ခာ မုစ္စန္တု-အခက်အခဲတွေ
ဆင်းရဲဒုက္ခတွေက လွတ်မြောက်ကြပါစေဆိုတဲ့ စိတ်ဓာတ်နဲ့
 ဆောင်ရွက်လုပ်ကိုင်တာ ။

မုဒိတာဆိုတာ-ယထာလဒ္ဓ သမ္ပတ္တိတော  မာဝိဂစ္ဆန္တု -ရထားတဲ့
ရာထူးတွေ ရထားတဲ့ စည်းစိမ်ဥစ္စာတွေ ဘယ်တော့မှ မပျောက်ပျက်ပါစေနဲ့
စည်းစိမ်ဥစ္စာတွေ တည်မြဲပါစေ ရာထူးတွေတည်မြဲပါစေ စသည်ဖြင့်
 ကြီးပွားတိုးတက်လာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ဝမ်းသာနိုင်တာ
ဒီလိုဝမ်းသာတာကို မုဒိတာကို
အင်္ဂလိပ်လို synthetic joy လို့ဒီလို ဘာသာပြန်ကြတယ်
သို့သော် appreciative joy ဆိုရင် ပိုကောင်းတယ်။
လူတစ်ယောက်ရဲ့ခံစားချက်ကို သိရှိနားလည်ပြီးတော့ ဝမ်းသာတာ။

ကရုဏာကြတော့ Compassion ဆိုတာ အကောင်းဆုံးပဲ။မေတ္တာကြတော့
Lovingkindness လို့ပြန်လေ့ရှိကြတယ်။သို့သော်
 Lovingkindness ဆိုတဲ့စကားထက်ကောင်းတာက
Spirit of a friend or Mind of a friend။ မိတ်ဆွေတစ်ယောက်ရဲ့
သဘောတရား Friend's attitude စိတ်နေသဘောထား ဒီလိုဆိုလိုတယ်ပေါ့။
Friendly mind ပေါ့။မိတ်ဆွေ စိတ်ဓာတ်ထားနိုင်တာ အဲ့ဒီသဘာဝတရားတွေဟာ
ဘယ်သူရဲ့သန္တာန်မှာဖြစ်ဖြစ် ဒီသဘာဝတရားတွေဖြစ်တဲ့အတွက်ကြောင့်
 ဒီပုဂ္ဂိုလ်ဟာမြင်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရတယ်။မြင့်မြတ်တယ်ဆိုတာ
လူကမြင့်မြတ်တာ မဟုတ်ဘူး။
စိတ်ဓာတ်က မြင့်မြတ်တာ။လုပ်ရပ်တွေက မြင့်မြတ်တာ။
အဲ့ဒီတော့ မြင့်မြတ်အောင်နေမှ မြင့်မြတ်တယ်။
မြင့်မြတ်တဲ့သဘောတရားတွေထားနိုင်တဲ့ ပုဂ္ဂိုလ်မှ မြင့်မြတ်တယ်။
ဒီလိုမှတ်သားရမယ်ပေါ့။

{ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး}

ဂိရိမာနန္ဒသုတ် အနှစ်ချုပ် တရားတော်မှကောက်နှုတ်ချက်

တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။

_/\_ _/\_ _/\_

ဤတရားတော်အား အသံဖိုင်မှ ရေးသားရသောကုသိုလ်တို့ကြောင့်
တိုင်းပြည်နှင့်သာသနာတော်အတွက် ကြီးစွာသော
အလုပ်အကြွေးအထောက်အပံ့ အစောင့်အရှောက် ပြုရပါလို၏။
#Credit_Pay_Thoe

No comments:

Post a Comment