ကမ္ဘာကြီးပေါ်မှာ ရဟန္တာစတင်ဖြစ်ပေါ်စေခဲ့သောတရားတော်
**************
♦♦♦ အနတ္တလက္ခဏသုတ် မြန်မာပြန် ♦♦♦
- အနတ္တလက္ခဏသုတ် အမွှန်း -
(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင်
ဗာရာဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌
ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊
မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား
ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –
(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့
ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော် (၅)ရက်
မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်
အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ
ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့
အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။
♦♦♦
- အနတ္တလက္ခဏသုတ် နိဒါန်း -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည်
ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို
ရဟန်းတို့ဟု မိန့်တော်မူ၏။
အသျှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကြကုန်၏။
- ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ -
ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊
ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည်
နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊
ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို
ရကောင်းရာ၏။
ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊
ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို
ရလည်းမရ။
- ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ -
ဝေဒနာသည် အတ္တမဟုတ်၊
ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊
ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊
ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊
ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု
ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။
ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊
ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌
တောင့်တမှုကို ရလည်းမရ။
- သညာက္ခန္ဓာ အနတ္တဖြစ်ပုံ -
သညာသည် အတ္တမဟုတ်၊
ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊
ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊
ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့
မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။
ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊
ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌
တောင့်တမှုကို ရလည်းမရ။
- သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ -
သင်္ခါရတို့သည် အတ္တမဟုတ်၊
ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊
ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊
ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊
ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု
သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။
ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည်
ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့
မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို
ရလည်းမရ။
- ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ -
ဝိညာဏ်သည် အတ္တမဟုတ်၊
ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊
ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊
ငါ၏ဝိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည်
ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို
ရကောင်းရာ၏။
ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊
ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌
တောင့်တမှုကို ရလည်း မရ။
- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊
ရုပ်သည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။
မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။
ဆင်းရဲပါ အသျှင်ဘုရား။
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော
ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊
ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။
- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -
ဝေဒနာသည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။
မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။
ဆင်းရဲပါ အသျှင်ဘုရား။
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော
ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊
ဤဝေဒနာသည် ငါဖြစ်၏၊
ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။
သညာသည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။
မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။
ဆင်းရဲပါ အသျှင်ဘုရား။
မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော
သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည်
ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု
ရှုခြင်းငှာ သင့်လျော်ပါမည် လော။
မသင့်လျော်ပါ အသျှင်ဘုရား။
သင်္ခါရတို့သည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။
မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။
ဆင်းရဲပါ အသျှင်ဘုရား။
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော
သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊
ဤသင်္ခါရ တို့သည် ငါဖြစ်၏၊
ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ
သင့်လျော်ပါ မည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။
ဝိညာဏ်သည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။
မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။
ဆင်းရဲပါ အသျှင်ဘုရား။
မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော
ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊
ဤဝိညာဏ်သည် ငါဖြစ်၏၊
ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။
- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့်
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊
အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်းအနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်း ဖြစ်သော၊
အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို
ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊
ဤရုပ်သည် ငါမဟုတ်၊
ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- ဝေဒနာတရားကို
တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊
အတွင်း အပြင်လည်းဖြစ်သော၊
အကြမ်း အနုလည်းဖြစ်သော၊
အယုတ်အမြတ်လည်း ဖြစ်သော၊
အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို
ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊
ဤဝေဒနာသည် ငါမဟုတ်၊
ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- သညာတရားကို
တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊
အတွင်းအပြင်လည်း ဖြစ်သော၊
အကြမ်း အနုလည်းဖြစ်သော၊
အယုတ်အမြတ်လည်း ဖြစ်သော၊
အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို
ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊
ဤသညာသည် ငါမဟုတ်၊
ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- သင်္ခါရတရားကို
တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊
အတွင်းအပြင်လည်း ဖြစ်သော၊
အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊
အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို
ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊
ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊
ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- ဝိညာဏ်တရားကို
တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊
အတွင်းအပြင်လည်း ဖြစ်သော၊
အကြမ်း အနုလည်းဖြစ်သော၊
အယုတ်အမြတ်လည်း ဖြစ်သော၊
အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို
ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊
ဤဝိညာဏ်သည် ငါမဟုတ်၊
ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု
ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော
အရိယာတပည့်သည်
ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊
သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊
ဝိညာဏ်၌လည်း ငြီးငွေ့၏၊
ငြီးငွေ့သော် စွဲမက်မှုကင်း၏၊
စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊
(ကိလေသာမှ) လွတ်မြောက်သော်
(ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊
ပဋိသန္ဓေ နေမှုကုန်ပြီ၊
အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊
ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊
ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု
ဟောတော်မူ၏။
- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊
ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော
စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။
ဤဂါထာမဖက် သက်သက်သော ဒေသနာကို
ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏
စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ
လွတ်မြောက်ကုန်၏။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။
♦♦♦
မြတ်စွာဘုရား၏ပစ္ဆိမဝါစာ နောက်ဆုံးမှာတမ်းစကားတော်
***********
ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တာယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပဒေထ။
( သုတ်မဟာဝါ- ပရိနိဗ္ဗာနသုတ် )
ဘိက္ခဝေ ........ ငါ၏ချစ်သား ရဟန်းများတို့ ...
ဟန္ဒဒါနိ .......... ယခုငါဘုရား ပရိနိဗ္ဗာန်စံကာနီးအခါကြီးမှာ၊
ဝေါတုမေ ....... သင်ချစ်သားတို့ ကို၊
အာမန္တယာမိ ... နောက်ဆုံးပိတ်စကား ငါဘုရား မှာကြား
တော်မူခဲ့မယ်။
သင်္ခါရာ .......... ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်၊
ဝယဓမ္မာ ......... ပျက်စီးခြင်းသဘော ရှိပါပေကုန်၏။
တုမေ .............. သင်ချစ်သားတို့သည်၊
အပ္ပမာဒေန ...... မမေ့မလျော့သော သတိတရားနှင့်၊
သမ္ပာဒေထ ....... ပြည့်စုံရစ်ကြကုန်လော့
*********************
ဓမ္မ
+++++
သဘာဝအမှန်တရားအစစ်က
ကိုယ့်သဘောအတိုင်း အမြဲမဖြစ်ဘူး
ကိုယ်လုပ်နိုင်တယ်ထင်တာတွေဟာ ဟန်ပြခဏပဲ၊၊
တကယ်တော့
ဒီကိုယ်ရော ဒီလောကကြီးတစ်ခုလုံးဟာ
သူ့အကြောင်းသူ့အကျိုးနဲ့ သူ့သဘောသူဆောင်
သူ့အလုပ်သူလုပ်နေကြပြီး
ဖြစိဖို့အကြောင်းဆုံတော့ဖြစ်
ပျက်ဖို့အကြောင်းဆုံတော့ပျက်
နှစ်သက်စရာ ငါဆိုတာ တကယ်တော့မရှိ
ဟန်ဆောင်ခြင်းသာရှိ
ဓမ္မစက္ကဦးမောင်မောင်
(နံနက်ခင်းဩဝါဒ အလုပ်ပေးဟောပြောချက်မှ ......)
Saturday, October 29, 2016
Tuesday, October 25, 2016
တနေ့က စာအုပ်စင်က ဆွဲထုတ်လိုက်တော့
အရွယ်သေးသေးလေး တရွက်ထွက်ကျ လာတာ တွေ့ရပါတယ်။
ကောက်ယူကြည့်လိုက်တော့ ခပေါင်းစီးကရက်ဘူးထဲက
ခဲပတ်စက္ကူ လေး ဖြစ်နေတာ တွေ့ရပါတယ်။
သေသေချာချာ စေ့စေ့စပ်စပ် ကြည့်လိုက်တော့ ခဲတံနဲ့ ရေးထားတဲ့
အကြောင်းလေးတွေကို မှုန်ဝါးဝါး တွေ့ရပါတယ်။
ကဗျာတိုလေးတပုဒ် ပါလား။
စာအုပ်က "ကျောင်းတော်ပါစာအုပ်" ပါ။ ဘ၀တက္ကသိုလ်လို့ ခေါ်တတ်ကြတဲ့ ကျောင်းတော်ကြီးမှာ ဆယ်မိုးဆယ်ဝါ သီတင်းသုံးရင်း အဌာရသပညာရပ်များ ဆည်းပူးစဉ် အခါက ဖတ်ကြားလေ့လာဖို့ ပေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ၀ါကျင်ကျင်ဖြစ်နေတဲ့ စာရွက်ပေါ်က လက်ရေးသေးသေးလေးတွေနဲ့ ရေးထားတဲ့ မှုန်ဝါးဝါး စာကြောင်းလေးတွေကို ကြိုးစားပမ်းစား ဖတ်ကြည့်လိုက်တော့ ကဗျာလို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ စာတိုလေးတပုဒ် ခုလိုတွေ့ ရပါတယ်။
"ယသော်ဓရာအား ပူဇော်ခြင်း"
ချစ်သခင်သည်
လောကီငြိုငြင်၊ တောဝင်မွေ့ပျော်
လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော
ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ
သည်ခဏမှာ၊ နုလှချောညက်
အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ
ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။
ချစ်သခင်သည်
မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက်
ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ
သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း
ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ
ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက်
မြေ၌စက်ခဲ့။
ချစ်သခင်သည်
တနေ့တာမှ၊ တခါမျှသာ
အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့
ကြားခဲ့သည်က၊ ချိုမြခဲဖွယ်
ပွဲတော်ထူးထူး၊ ဆီဦးထောပတ်
တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက်
တရက်တခါ၊ မှီဝဲလာခဲ့
ဘယ်မှာနှိုင်းဆ၊ တုမရသော
ယသော်ဓရာ၊ မေတ္တာဘုရား။
ကိုယ့်ဘုရားကို ၀ပ်တွားပူဇော်လိုက်ပါ၏။
(မဟင်္သာသို့)
၁၁၊ ၆၊ ၁၉၇၀
ကဗျာလေးမှာ ရည်ညွှန်းထားတဲ့ အမည်က ဇနီးသည်ရဲ့ ငယ်နာမည်ပါ။ (၁၁၊ ၆၊ ၁၉၇၀) ဆိုတဲ့ ရက်စွဲကို ကြည့်လိုက်တော့ ၁၉၆၅ ခု၊ အောက်တိုဘာ (၁၁) ရက်မှာ လက်ထပ်ကြတာကို ရည်စူးပြီး ရေးခဲ့တာပါလားလို့ သိလိုက်ရပါတယ်။
ဒီကဗျာလေးကို ပြန်ဖတ်ရင်း အတိတ်ကို ပြန်စဉ်းစားကြည့်မိတော့ ကဆုန်လပြည့် နေ့က မုန့်ဟင်းခါး အ၀ကျွေးတာကို သတိရပြီး ရေးခဲ့တာလို့ အမှတ်ရလာပါတယ်။ ကဆုန်လပြည့်ဆိုတာကို ဗုဒ္ဓရဲ့မွေးနေ့အဖြစ် အထွတ်အမြတ် ထားခဲ့ကြတာ မဟုတ်လား။ အဲဒီနေ့က မုန့်ဟင်းခါးစားရင်းနဲ့ လူတွေဟာ သိဒ္ဓတ္ထမင်းသားနဲ့ တနေ့တည်းဖွားဖြစ်တဲ့ ကြင်ယာတော် ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားများကိုတော့ မေ့လျော့နေကြပါလားလို့ တွေးမိရာက ဒီကဗျာလေး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားများဟာ ဗုဒ္ဓအပေါ်မှာ များစွာကြီးမားခဲ့ပါတယ်။ ဒါကို ဗုဒ္ဓကိုယ်တော်တိုင်က သတိမမူ လစ်လျူရှုထားခဲ့ပါတယ်။ ခမည်းတော် မင်းတရားကြီးက သားဗုဒ္ဓကို ညွှန်ပြမြွက်ဟခဲ့ရပါတယ်။ ဒီအကြောင်းကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ ဇိနတ္ထပကာသနီကျမ်းမှာ ခုလို ဖော်ပြထားခဲ့တာကို ပြန်ဖတ်စေချင်ပါတယ်။
ယသော်ဓရာတိုက်ခန်း ကြွမြန်းတော်မူခြင်း
ယင်းသို့ ရွှေနန်းဥကင် ရာဇပလ္လင်ထက်၌ တက်စံတော်မူလျှင် ဖခင်မင်းမြတ်သည် လည်း လျောက်ပတ်ကောင်းမွန်သော ဘောဇဉ်ခဲဖွယ်တို့ဖြင့် လုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီး သော အဆုံး၌ အလုံးစုံသော မောင်းမမိဿံ ခြွေရံကိုယ်လုပ်တို့သည် အုတ်အုတ်ကျက်ကျက်မျှ လာကြကုန်၍ ဘုရားရှင်အား ညွတ်တွားရိုကျိုး ရှိခိုးပူဇော်ကြကုန်၏။ ယသော်ဓရာ ဗိမ္မာဒေ၀ီသည် ပူဇော်ခြင်းငှာ မထွက်လာ၍ များစွာသော နန်းသူနန်းသားတို့က "သခင်မ ထွက်ကြွတော်မူ၍ သုံးလူ့သခင်ကို ဦးတင်ပူဇော်ဖူးမြှော်ပါလော့" ဟု လျှောက်ကြသော် "အကယ်၍ အကျွန်ပ် ကျေးဇူးရှိသည်ကို ထောက်မျှော်၍ သနားတော်မူပါလျှင် ကိုယ်တော်ဝင်၍ ကြွလာပါလိမ့်မည်။ ဤသို့ ကြွလာမှ ပူဇော်ပါတော့မည်" ဟု ဆို၍သာ နေ၏။ ထိုအကြောင်းကို နန်းသူနန်းသားတို့က ဘုရားရှင်အား လျှောက်ကြားကြသော် ခမည်းတော်ကြီးအား သပိတ်ကို ကမ်းတော်မူ၍ နှစ်ဦးသော အဂ္ဂသာဝကတို့ကို ခေါ်တော်မူလျက် ယသော်ဓရာမင်းသမီး၏ နေရာတိုက်ခွင်သို့ ၀င်တော်မူ၍ "ယနေ့ ယသော်ဓရာမင်းသမီးကို အလိုရှိတိုင်း ရှိခိုးစေ၊ မည်သူအားမျှ တခွန်းစကား မတားဆိုကြလင့်" ဟု မိန့်တော်မူ၍ ခင်းအပ်သောနေရာ ရတနာသလွန်ထက်၌ တက်စံတော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ပန်းကြီးခုံမင် စွာလာ၍ ခြေဖမျက်တော်ကို လက်ဖြင့်ပိုက်လျက် ဖမိုးတော်ထက် မျက်နှာဦးခေါင်းကိုထား၍ ဖ၀ါးတော်မြတ်ကို နမ်းကာနမ်းကာ ခြင်းရာစကား ဘယ်သည်များမှ မကြားနိုင်စွာ မျက်နှာမျက်ရည် မဆည်နိုင်ပြီး ဖြိုင်ဖြိုင်စီးလျက် သက်ကြီးရှိုက်ငင် ဘ၀င်ပြောင်းပြန် လန်လုမတတ် ဆံဖြင့်ပွတ်သပ် ပါးဖြင့်အပ်၍ အထပ်ထပ်ရှိခိုး ရှာလေသတည်း။
စန္ဒကိန္နရီဇာတ် ဟောတော်မူခြင်း
ထိုအခါ ခမည်းတော်မင်းကြီးက "အကျွန်ပ်သမီးသည် သားကြီးဘုရားကို အလွန်စုံမက် နှစ်သက်လေးမြတ်ပေသည်။ သားဘုရား ထွက်သွားတော်မူသော်လည်း ရှိတော်မူစဉ်က ပြုပြင်ခယမြဲဖြစ်သော ၀တ်ကို မချွတ်မယွင်းစေရ၊ ညတိုင်းနေ့တိုင်း ပြုပေသည်။ သားဘုရားသည် ဖန်ရည်စွန်းသော အ၀တ်ကိုသာ ၀တ်ပေသည်။ သားဘုရားသည် တထပ်သာစားသည်ဟု ကြားသည်မှ စ၍ အကျွန်ပ်သမီးလည်း တထပ်သာ စားပေသည်။ သားဘုရားသည် မြတ်သောအခင်းနေရာကို ပယ်သည်ဟု ကြားသည်မှစ၍ နိမ့်သော ညောင်စောင်း၌သာ အိပ်ပေသည်။ သားဘုရားသည် ပန်းနံ့သာမျိုး အခိုးအထုံတို့၌ တပ်မက်ခြင်းမရှိဟု ကြားသည်မှစ၍ ပန်းနံ့သာတို့၌ တပ်မက်ခြင်းကို မပြုပေ။
အဆွေအမျိုး ဖြစ်သော မင်းညီမင်းသား သူတပါးတို့ မြှောက်စားမြတ်လေးစွာ မွေးမြူပါအံ့ဟု သတင်းစကား ကြားပါသော်လည်း တယောက်ကိုမျှ ပြန်မကြည့်ပေ။ ဤသို့ အကျွန်ပ်သမီးသည် စောင့်ထိန်းပေသည်" ဟု ချွေးမတော်၏ ဂုဏ်ကျေးဇူးကို ချီးကျူးလျှောက်ထားရာတွင် "ယခုအခါ ဒကာတော်မင်းကြီးသည် စောင့်ရှောက်ထိန်းအပ်သည်ဖြစ်၍ ဖြောင့်တည်ကြည် သည်ကား အံ့ဖွယ်မရှိသေး။ ရှေးသောအခါ စန္ဒကိန္နရီဖြစ်သောအခါ ဆွေညာမိဘ စောင့်သူမရှိဘဲလျက် မိမိကိုယ်ကို မိမိစောင့်သဖြင့် ကာလရှည်မြင့်စွာ ကြင်နာဖူးပြီ" ဟု စန္ဒကိန္နရီဇာတ်ကို ဟောတော်မူ၏။ ယင်းသို့ တရားဟောတော်မူပြီးသော် နိဂြောဓါရုံ ကျောင်းတော်သို့ ပြန်ကြွတော်မူ၏။
ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားကို ဟိုခေတ်လူတွေက သတိမပြုမိကြသလို၊ ဒီနေ့ခေတ်မှာလည်း အမျိုးသမီး အိမ်ထောင်ရှင်မများရဲ့ အခန်းကဏ္ဍကို လူတွေက သတိမပြုမိ ကြတာ များပါတယ်။ သမိုင်းကို ပြန်ကြည့်လိုက်ရင် ထင်ရှားကြော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတိုင်းရဲ့ နောက်မှာ ဇနီးမယားကောင်းတယောက် ရှိမြဲဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။
အဝေးခေတ် ကိုထား၊ အနီးခေတ်ကိုပဲ ကြည့်ပါ။ သမ္မတရေဂန်ရဲ့ နောက်မှာရှိတဲ့ ဇနီးနန်စီရေဂန်ဟာ ကောင်းဘွိုင် ဇာတ်လိုက်မင်းသား မျှသာဖြစ်တဲ့ ရော်နယ်ရေဂန်ကို ထင်ရှားတဲ့ သမ္မတဦးဖြစ် လာအောင် အဓိက ပံ့ပိုးကူညီသူဖြစ်တယ်ဆိုတာကို အမေရိကန်သမိုင်းဆရာတွေသာမက၊ နန်စီကို မလိုတမာ ဖြစ်နေကြတဲ့ ရေဂန်ရဲ့ ဇနီးဟောင်းနဲ့ရတဲ့ သမီးတွေကတောင် အသိအမှတ်ပြု ၀န်ခံခဲ့ကြရပါတယ်။ အီရန်ကိစ္စနဲ့ ရေဂန်ရာထူးပြုတ်တော့မယ့် အခြေအနေကြီး ရင်ဆိုင်နေရချိန်မှာလည်း ရေဂန် တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင် နန်စီက ဖေးမပေးခဲ့တာပါ။ ရေဂန် အာရုံကြောတွေ အားနည်းတဲ့ရောဂါနဲ့ မေ့မေ့လျော့လျော့ ခြေတုန်လက်တုန် ဖြစ်နေချိန်မှာလည်း နန်စီက ဖေးမစောင့်ရှောက်ပေးနေရှာတာပါ။
ကလင်တန်နဲ့ ဟီလာရီလည်း အလားတူပါပဲ။ သမ္မတတဦးအနေနဲ့ ဘယ်လိုမှ လူကြားထဲ ခေါင်းမဖော်ဝံ့လောက်တဲ့ ရှက်စရာကိစ္စကြီး ဖြစ်လာချိန်မှာ သစ္စာဖောက်ခံရတဲ့ ဟီလာရီခမျာမှာ သူ့ရင်ထဲက ခံစားမှုများကို မြိုသိပ်ပြီး သူ့ခင်ပွန်း လူရှုပ်လူပွေကြီးနောက်က မားမားကြီး ရပ်ပေးခဲ့တာပါ။ အဲဒီအချိန်ကသာ ဟီလာရီက ရင်ထဲက ခံစားမှု လှုံ့ဆော်တဲ့ နောက်လိုက်ပြီး ကလင်တန်ကို ပြစ်တင်ရှုတ်ချတဲ့ စကားတခွန်းပြောလိုက်မိတာနဲ့ ကလင်တန် ရာထူးက ဆင်းပေးရပြီး ဘ၀ရေစုန်မြောတော့မှာ သေချာပါတယ်။ ဟီလာရီကောင်းလို့သာ ကလင်တန် လူပုံအလယ်မှာ အိနြေ္ဒမပျက် ရပ်နေသေးလို့ ရတာပါ။
ခမည်းတော်မင်းကြီး ယသော်ဓရာကို ချီးကျူးပြောဆိုပြီးတဲ့ အခါကျတော့ ယသော်ဓရာ ဟာ ခုဘ၀မှာသာ မဟုတ်သေး၊ ရှေးရှေးဘ၀များစွာကလည်း ဒီလိုပဲရှိခဲ့တယ်ဆိုတာပြဖို့ ဘုရားရှင်က စန္ဒက်န္နရီဇာတ်တော်ကို ဟောကြာတော်မူခဲ့ပါတယ်။
ယသော်ဓရာလို မိန်းမသားများ ရှေးအတီတေကလည်း မြောက်မြားစွာ ရှိခဲ့ကြပါတယ်။ ယခု ခေတ်တွေမှာလည်း ယသော်ဓရာတွေ မြောက်မြားစွာ ရှိနေကြပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓကိုယ်တော်ရှင်ရဲ့ ဖွားမြင်တော်မူသောနေ့မှာ ဗုဒ္ဓရဲ့ တနေ့တည်း မွေးဖွားဖက်တော် ယသော်ဓရာဒေ၀ီရဲ့ ဂုဏ်ကျေးဇူးများကိုလည်း မမေ့မလျော့ ချီးကျူးပူဇော် ဦးခိုက်ကြရင်း ခေတ်မိန်းကလေးတွေကို မိန်းမကောင်း မိန်းမမြတ် ဖြစ်လာစေဖို့ နှိုးဆော်သင့်ကြပါကြောင်း တင်ပြလိုက်ရပါတယ်။
လူထုစိန်ဝင်း

Thursday, October 13, 2016
သေခါနီး တရားရရန် ဆင်ခြင်နုလုံးသွင်းနည်း ......... မြတ်စွာဘုရား သခင်သည် သတ္တ၀ါများအပေါ်လွန်ကဲမြင့်မြတ်သော ကရုဏာတော်ဖြင့် မသေခင် စိတ်ချရသော တရားထူးကို ဟောကြားတော်မူ ရုံမက အကယ်၍ အဆင်မပြေလို့ အကြောင်း အမျိုးမျိုးကြောင့် စိတ်မချ ရသေးသော် သေခါနီး နုလုံးသွင်းဆင်ခြင်၍ သေနည်းကို မိန့်မြွက်ဟော ကြား တော်မူခဲ့ပါတယ် ....... ဘယ်လိုဟောကြားတော်မူသလဲ ??? ဆိုတော့ ...... (က) မကျန်းမာသောအခါဖြစ်စေ၊သေခါနီးရင်ဖြစ်စေ၊ရောဂါဝေဒနာ (ဒုက္ခဒဏ်ချက်တစ်ခုခု)ပေါ်လာမယ် ...။ အဲဒီပေါ်လာတဲ့ ဒုက္ခဝေဒနာကို (ဖြစ်ပျက်ရှုပေး) (ခ) အော် .... နှိပ်စက်တဲ့တရားပါလား ? နှိပ်စက်တာဧကန်ဖြစ်လို့ ဘ၀ရဲ့ ဒုက္ခတရား(ဒုက္ခကြီးပါပဲ) ...။ (ဂ) ဒီဒုက္ခတရား ဒုက္ခသစ္စာဟာလဲ မမြဲပါဘူး ...။(ဖြစ်ပြီး ပျက်သွားတာပဲ) (ဃ) အားလုံးဖြစ်ပေါ်လာသမျှ တရားတွေဟာ ပျက်ရတာချည့်ပဲ ...။ (င) ဘာပဲလာလာပျက်မှာချည့်ဘဲ၊အဖြစ်နဲ့အပျက်ကလွဲရင် ဘာမှမရှိပါ ကလား?(ဖြစ်ပျက်-ဖြစ်ပျက်)လို့ ရှုနေရမယ် ...။ (စ) ဖြစ်ပြီးပျက်သွားတဲ့ဖြစ်ပျက်အစဉ်မှာ (ဥာဏ်ရောက်နေရမယ်) ...။ (ဆ) ဒီလိုဥာဏ်ရောက်နေတော့ ဝေဒနာချုပ်သွားတယ် ...။ (ဝေဒနာချုပ်တာ ဒုက္ခချုပ်တာပဲ) "ဝေဒနာ နိရောဓ တဏှာနိရောဓော" (ဇ) ဝေဒနာချုပ်တဲ့နောက် (တဏှာအလိုလိုသေတယ်) ဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒီတွင်ပဲပြတ်၊ ပြတ်တော့ "ဒုက္ခနိရောဓနိဗ္ဗာနံ"လာ ဒါပဲ ...။ (ဈ) ဒုက္ခဝေဒနာလာသမျှ (ဖြစ်ပျက်သာရှု)ဖြစ်ပျက် အနိစ္စနောက် မဂ်ဥာဏ် လိုက်ရမယ်၊ဒီလို ဖြစ်ပျက် နဲ့ မဂ်နဲ့ မပြတ်အောင် ဥာဏ်လိုက်သွားရင် မသေ ခင်ကလေးမှာ သောတာပတ္တမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် ဆိုတဲ့ (သုံးမဂ်ကျအောင်) ရနိုင်တယ် ...။ သတိ .......။ အားမကိုးထိုက်ကြဘူးလား ??? အနိစ္စ - ဒုက္ခ - အနတ္တ နာမ်ရုပ်တရား ၊ ဤနှစ်ပါးလည်း ၊ ရှည်လျားကာလ ၊ မတည်ကြဘဲ ၊ ခဏဖြစ်လျက် ၊ ခဏပျက်၍ ၊ နှိပ်စက်ခြင်းရာ ၊ လိုမပါငြား ၊ ဘဘာဝအား ၊ ဤသုံးပါးကြောင့် ၊ ဖြစ်ပွားသမျှ အနိစ္စ သည် ၊ ဒုက္ခ - အနတ္တ ချည့်သာတည်း ..........။ ( ၀ဏ္ဏကျော်ထင် - ဦးဘိုးစိန် ) ~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~ နှလုံးသား၏ ဓမ္မသံစဉ်
သေခါနီး တရားရရန် ဆင်ခြင်နုလုံးသွင်းနည်း .........
မြတ်စွာဘုရား သခင်သည် သတ္တ၀ါများအပေါ်လွန်ကဲမြင့်မြတ်သော ကရုဏာတော်ဖြင့် မသေခင် စိတ်ချရသော တရားထူးကို ဟောကြားတော်မူ ရုံမက အကယ်၍ အဆင်မပြေလို့ အကြောင်း အမျိုးမျိုးကြောင့် စိတ်မချ ရသေးသော် သေခါနီး နုလုံးသွင်းဆင်ခြင်၍ သေနည်းကို မိန့်မြွက်ဟော ကြား တော်မူခဲ့ပါတယ် .......
ဘယ်လိုဟောကြားတော်မူသလဲ ???
ဆိုတော့ ......
(က) မကျန်းမာသောအခါဖြစ်စေ၊သေခါနီးရင်ဖြစ်စေ၊ရောဂါဝေဒနာ (ဒုက္ခဒဏ်ချက်တစ်ခုခု)ပေါ်လာမယ် ...။
အဲဒီပေါ်လာတဲ့ ဒုက္ခဝေဒနာကို (ဖြစ်ပျက်ရှုပေး)
(ခ) အော် .... နှိပ်စက်တဲ့တရားပါလား ? နှိပ်စက်တာဧကန်ဖြစ်လို့ ဘ၀ရဲ့ ဒုက္ခတရား(ဒုက္ခကြီးပါပဲ) ...။
(ဂ) ဒီဒုက္ခတရား ဒုက္ခသစ္စာဟာလဲ မမြဲပါဘူး ...။(ဖြစ်ပြီး ပျက်သွားတာပဲ)
(ဃ) အားလုံးဖြစ်ပေါ်လာသမျှ တရားတွေဟာ ပျက်ရတာချည့်ပဲ ...။
(င) ဘာပဲလာလာပျက်မှာချည့်ဘဲ၊အဖြစ်နဲ့အပျက်ကလွဲရင် ဘာမှမရှိပါ ကလား?(ဖြစ်ပျက်-ဖြစ်ပျက်)လို့ ရှုနေရမယ် ...။
(စ) ဖြစ်ပြီးပျက်သွားတဲ့ဖြစ်ပျက်အစဉ်မှာ (ဥာဏ်ရောက်နေရမယ်) ...။
(ဆ) ဒီလိုဥာဏ်ရောက်နေတော့ ဝေဒနာချုပ်သွားတယ် ...။
(ဝေဒနာချုပ်တာ ဒုက္ခချုပ်တာပဲ) "ဝေဒနာ နိရောဓ တဏှာနိရောဓော"
(ဇ) ဝေဒနာချုပ်တဲ့နောက် (တဏှာအလိုလိုသေတယ်) ဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒီတွင်ပဲပြတ်၊ ပြတ်တော့ "ဒုက္ခနိရောဓနိဗ္ဗာနံ"လာ ဒါပဲ ...။
(ဈ) ဒုက္ခဝေဒနာလာသမျှ (ဖြစ်ပျက်သာရှု)ဖြစ်ပျက် အနိစ္စနောက် မဂ်ဥာဏ် လိုက်ရမယ်၊ဒီလို ဖြစ်ပျက် နဲ့ မဂ်နဲ့ မပြတ်အောင် ဥာဏ်လိုက်သွားရင် မသေ ခင်ကလေးမှာ သောတာပတ္တမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် ဆိုတဲ့ (သုံးမဂ်ကျအောင်) ရနိုင်တယ် ...။
သတိ .......။ အားမကိုးထိုက်ကြဘူးလား ???
အနိစ္စ - ဒုက္ခ - အနတ္တ
နာမ်ရုပ်တရား ၊ ဤနှစ်ပါးလည်း ၊ ရှည်လျားကာလ ၊ မတည်ကြဘဲ ၊ ခဏဖြစ်လျက် ၊ ခဏပျက်၍ ၊ နှိပ်စက်ခြင်းရာ ၊ လိုမပါငြား ၊ ဘဘာဝအား ၊ ဤသုံးပါးကြောင့် ၊ ဖြစ်ပွားသမျှ အနိစ္စ သည် ၊ ဒုက္ခ - အနတ္တ ချည့်သာတည်း ..........။
( ၀ဏ္ဏကျော်ထင် - ဦးဘိုးစိန် )
~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
နှလုံးသား၏ ဓမ္မသံစဉ်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ကုသိုလ် တရား။☔☔☔☔☔☔☔☔☔☔ ~~~~~~~~~~~~~~~~~~~~~~~~~~~ { သြော်..ကုသိုလ်ဆိုပေမယ့် ကြောက်စရာကုသိုလ် တွေ ရှိသေးသကိုး } ကုသိုလ်ဆို အကောင်းချည်းပဲဆိုရင် `` မဂ်´´ဟာ ဟောစရာမလိုတော့ဘူး၊ ကုသိုလ်ဆိုပေမယ့် ဇာတိ ဇရာ မရဏ ကျေးဇူးပြုတဲ့ကုသိုလ်ကျတော့ ဒါ...ကု သိုလ်ကောင်း ကုသိုလ်စစ်လို့ မဆိုနဲ့ ၊ ဇာတိ ဇရာ မရဏကို ဒုက္ခသစ္စာလို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ဓမ္မစကြာမှာ ပါနေတယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်က ဘယ်နည်းနှင့်မှ မကြိုက်ဘူး ၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ကုသိုလ်ဆို အကုန်ကြိုက်ဖြစ်နေတယ်၊ဒါ..ကုသိုလ် ပယ်တာလားဆိုတော့ ပယ်တာမဟုတ်ပါဘူး ၊ အကောင်း - အဆိုးရွေးတာ။ ကုသိုလ်တိုင်း ကောင်းတယ်လို့ အကုန်ယူလို့ မရဘူး။ ဘုရားကြိုက်ကုသိုလ်က( အကဏှ သုက္က) ဖြစ်တဲ့ ကုသိုလ်သာကြိုက်တယ်၊ ဖြူစင်တဲ့ကုသိုလ် ဆိုငြားသော်လည်း ကာမာဝစရကုသိုလ်တွေ ဖြစ် နေတော့ ကာမဘုံတွေ ရှောက်အကျိုးပေးနေတော့ ကြိုက်ပါ့မလား၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် အ ကျိုးပေးနေပြန်တော့ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလွတ်ပါ့မလား၊ နတ်ဘဝ ဗြဟ္မာဘဝဆိုငြားသော်လည်း ပြောသံကြားကေါင်း နဲ့ ကြိုက်နေကြတာပါ ၊ သူ့အထဲမှာ အတွင်းသား ခွာလိုက်တော့ ဇာတိ ဇရာ ဗျာဓိ မရဏ ဒုက္ခသစ္စာ တွေပါနေတယ်။ လိုချင်တာက ချမ်းသာ ၊ ရတာက ဆင်းရဲဆယ့် တစ်ပါး...ဘာကြောင့်...ဒီဆင်းရဲတွေရဖို့ ဒီကုသိုလ် တွေ လုပ်ဖြစ်ပါလိမ့်မတုန်းမေးရင် သစ္စာမသိလို့ လုပ်တာ ၊သစ္စာမသိလို့ မှားလိုက်တာ ၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ ၊ လာ လတ္တံ့သောဒုက္ခဝဋ်ကြီးကို ကြောက်လွန်းလို့ ၊ ရွံ့လို့ မုန်းလို့ဆိုပြီး သစ္စာဥာဏ်နဲ့ လုပ်တဲ့အခါကျတော့ ဝိဝဋ္ဋဝဋ်မှကျွတ်တဲ့ ကုသိုလ်ဖြစ်သွားတယ်(နိဗ္ဗာန ပစ္စယော ဟောတု)ဆိုပြီး လုပ်ကောင်းတာပါပဲ ဆို ငြားသော်လည်း ပြောသံကြားသာ ကောင်းတာ ၊ ကိုယ့်အမြင်က နောက်ခန္ဓာကြိုက်နေလို့ရှိရင် လွဲ တာပဲ ၊ ကိုယ့်အမြင်က နောက်ခန္ဓာမကြိုက်ပါမှ တရားမှန် တရားစစ်၊ကုသိုလ်စစ် ကုသိုလ်မှန် မှတ် ပါ၊ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို ကိုယ်တိုင်သိပြီး လုပ်ပါ ဗုဒ္ဓဘာသာဆိုပြီး သစ္စာမသိတာ အနာဆုံးပါပဲ။ __/|\__ ~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးကုတ်ဆရာတော်ဘုရားကြီး၏ကုသိုလ်
တရား။☔☔☔☔☔☔☔☔☔☔
~~~~~~~~~~~~~~~~~~~~~~~~~~~
{ သြော်..ကုသိုလ်ဆိုပေမယ့် ကြောက်စရာကုသိုလ်
တွေ ရှိသေးသကိုး }
ကုသိုလ်ဆို အကောင်းချည်းပဲဆိုရင် `` မဂ်´´ဟာ
ဟောစရာမလိုတော့ဘူး၊ ကုသိုလ်ဆိုပေမယ့် ဇာတိ
ဇရာ မရဏ ကျေးဇူးပြုတဲ့ကုသိုလ်ကျတော့ ဒါ...ကု
သိုလ်ကောင်း ကုသိုလ်စစ်လို့ မဆိုနဲ့ ၊ ဇာတိ ဇရာ
မရဏကို ဒုက္ခသစ္စာလို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ဓမ္မစကြာမှာ
ပါနေတယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်က ဘယ်နည်းနှင့်မှ
မကြိုက်ဘူး ၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့
ကုသိုလ်ဆို အကုန်ကြိုက်ဖြစ်နေတယ်၊ဒါ..ကုသိုလ်
ပယ်တာလားဆိုတော့ ပယ်တာမဟုတ်ပါဘူး ၊
အကောင်း - အဆိုးရွေးတာ။
ကုသိုလ်တိုင်း ကောင်းတယ်လို့ အကုန်ယူလို့
မရဘူး။ ဘုရားကြိုက်ကုသိုလ်က( အကဏှ သုက္က)
ဖြစ်တဲ့ ကုသိုလ်သာကြိုက်တယ်၊ ဖြူစင်တဲ့ကုသိုလ်
ဆိုငြားသော်လည်း ကာမာဝစရကုသိုလ်တွေ ဖြစ်
နေတော့ ကာမဘုံတွေ ရှောက်အကျိုးပေးနေတော့
ကြိုက်ပါ့မလား၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် အ
ကျိုးပေးနေပြန်တော့ ဇာတိ ဇရာ မရဏ သောက
ပရိဒေဝ ဒုက္ခ ဒေါမနဿလွတ်ပါ့မလား၊ နတ်ဘဝ
ဗြဟ္မာဘဝဆိုငြားသော်လည်း ပြောသံကြားကေါင်း
နဲ့ ကြိုက်နေကြတာပါ ၊ သူ့အထဲမှာ အတွင်းသား
ခွာလိုက်တော့ ဇာတိ ဇရာ ဗျာဓိ မရဏ ဒုက္ခသစ္စာ
တွေပါနေတယ်။
လိုချင်တာက ချမ်းသာ ၊ ရတာက ဆင်းရဲဆယ့်
တစ်ပါး...ဘာကြောင့်...ဒီဆင်းရဲတွေရဖို့ ဒီကုသိုလ်
တွေ လုပ်ဖြစ်ပါလိမ့်မတုန်းမေးရင် သစ္စာမသိလို့
လုပ်တာ ၊သစ္စာမသိလို့ မှားလိုက်တာ ၊ သစ္စာသိတဲ့
ပုဂ္ဂိုလ်ကျတော့ ဒီ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ ၊ လာ
လတ္တံ့သောဒုက္ခဝဋ်ကြီးကို ကြောက်လွန်းလို့ ၊ ရွံ့လို့
မုန်းလို့ဆိုပြီး သစ္စာဥာဏ်နဲ့ လုပ်တဲ့အခါကျတော့
ဝိဝဋ္ဋဝဋ်မှကျွတ်တဲ့ ကုသိုလ်ဖြစ်သွားတယ်(နိဗ္ဗာန
ပစ္စယော ဟောတု)ဆိုပြီး လုပ်ကောင်းတာပါပဲ ဆို
ငြားသော်လည်း ပြောသံကြားသာ ကောင်းတာ ၊
ကိုယ့်အမြင်က နောက်ခန္ဓာကြိုက်နေလို့ရှိရင် လွဲ
တာပဲ ၊ ကိုယ့်အမြင်က နောက်ခန္ဓာမကြိုက်ပါမှ
တရားမှန် တရားစစ်၊ကုသိုလ်စစ် ကုသိုလ်မှန် မှတ်
ပါ၊ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို ကိုယ်တိုင်သိပြီး လုပ်ပါ
ဗုဒ္ဓဘာသာဆိုပြီး သစ္စာမသိတာ အနာဆုံးပါပဲ။
__/|\__

Saturday, October 1, 2016
Subscribe to:
Posts (Atom)